Monday, September 8, 2008

အမျိုးသားနိုင်ငံရေးလူငယ် NLD (မြန်မာနိုင်ငံ)
ကြေညာချက်အမှတ်(၁၁/၂၀၀၈)

၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ယခုနောက်ဆုံး ခရီးစဉ်တွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်စေရန် မစ္စတာဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန်အတွက် ညှိနှိုင်းဆောင်ရွက်နိုင်စေရန် မစ္စတာဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန်အတွက် တပ်မတော်အစိုးရဘက်မှ စီစဉ်ဆောင်ရွက်ပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မတွေ့နိုင်ဟု ငြင်းဆိုခဲ့ပါသည်။ ဤဖြစ်စဉ်ကို အသေအချာလေ့လာကြည့်ပါက မစ္စတာဂမ်ဘာရီကို ငြင်းဆန်ခြင်းသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အား ငြင်းဆန်ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အား ငြင်းဆန်ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးအား ငြင်းဆန်လိုက်ခြင်း ပင် ဖြစ်၏။ ဤသည်မှာ အနောက်မီဒီယာများနှင့် အနောက်နိုင်ငံတချို့၏ လမ်းညွှန်မှုများ၊ ဖိအားပေးမှုများ၏ အကျိုးဆက်ပင်ဖြစ်ကြောင်း ထင်ရှားနေ၏။ ယင်းလုပ်ရပ်သည် အားလုံးအတွက် အချည်းနှီးဖြစ်စေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားရေးကို မငဲ့ကွက်၊ပြည်သူကို ထည့်မတွက်၊ ယင်း၏ အဖွဲ့အစည်း ဖြစ်သော NLD ကိုပင် ပြန်မကြည့်ဘဲ ၊ ငါတကော ကောခဲ့ခြင်းပင်ဖြစ်၏။ အကျိုးဆောင်ဧည့်သည်တစ်ဦးအား မတွေ့နိုင်ဟု ငြင်းဆိုခြင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လည်းမကိုက်ညီ ၊ အလွန်ညံ့ဖျင်းသော ဒစ်ပလိုမေစီ ဖြစ်သဖြင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက နှာခေါင်းရှုံ့စရာ ဖြစ်ခဲ့ရပေပြီ။

၂။ အချို့သော နိုင်ငံကြီးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့်လည်း ပကတိအရှိတရားကို မျက်ကွယ် မပြုသင့်ပေ၊ ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုပြုစဉ်းစားနေခြင်းကြောင့် NLD လည်း ပြိုကွဲ၊ နိုင်ငံတော်မှာလည်း အခက်အခဲ အကြပ်အတည်းများနှင့် တွေ့ကြုံနေရခြင်း ဖြစ်ပေသည်။ ယင်းအတွက်ကြောင့် နိုင်ငံတကာအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အဓိကထားနေခြင်းထက် ပကတိအရှိတရားကိုသာ အဓိကထား ဆောင်ရွက်သင့်ပေသည်။ မြန်မာနိုင်ငံ ပကတိ အရှိတရားမှာ လှေခါးခုနှစ်ထစ်အား တစ်ထစ်ခြင်း တက်၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ အရောက်လှမ်းရေးဖြစ်၏။

၃။ ကျွန်ုပ်တို့ အမျိုးသားနိုင်ငံရေးလူငယ် NLD (မြန်မာနိုင်ငံ)အနေဖြင့် အနောက်နိုင်ငံကြီးအချို့၏ မြန်မာပြည် အရေး ၀င်ရောက်စွက်ဖက်ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသာ အဓိကထားပြီး မြန်မာပြည်သူတို့၏ လက်တွေ့ဘ၀ကို မျက်ကွယ်ပြုနေခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိပေ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မစ္စတာဂမ်ဘာရီအား လက်ခံတွေ့ဆုံခြင်း မပြုသည်ကိုလည်း မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ဖြစ်သော အပြုအမူဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ရိုင်းပြနှိမ့်ကျသော ဆက်ဆံရေးဖြစ်သည်ဟုလည်းကောင်း ပြတ်သားစွာ ခံယူ၍ ယင်းအပြုအမူအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။

ဗဟိုသဘာပတိအဖွဲ့
အမျိုးသားနိုင်ငံရေးလူငယ် NLD
မြန်မာနိုင်ငံ

No comments: