Monday, September 8, 2008

ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်မှုအပေါ်
အထူးတလည် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၀၈ခုနှစ် ၊ စက်တင်ဘာလ (၄)ရက်


(၁) ကျွန်ုပ်တို့သည် တပ်မတော်အစိုးရ၏ ဒီမိုကရေစီ ထူထောင်ကူးပြောင်းရေး ကာလတလျှောက်တွင် အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်လာခဲ့သော အမျိုးသား နိုင်င့ရေးအင်အားစု ဖြစ်ပါသည်။


(၂) မြန်မာနိုင်ငံ လွတ်လပ်ရေးရလာချိန်တွင် လက်ဝဲလက်ျာ အစွန်းရောက် အဖွဲ့အစည်းများ၊ အင်အားစုများကြောင့် တိုင်းရင်းသားအချင်းချင်း သွေးချောင်းစီးခဲ့ရသကဲ့သို့ တိုင်းရင်းသားပြည်သူတို့ အကြပ်အတည်းပေါင်းစုံလည်း ကြုံလာခဲ့ရပါသည်။


(၃) ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် အစိုးရအဆက်ဆက်ကို ဆန့်ကျင်လာခဲ့သော လူမျိုးစု တောတွင်းလက်နက်ကိုင်အဖွဲ့(၁၇)ဖွဲ့နှင့် အဖွဲ့ငယ်များ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လက်တွဲ လာခဲ့သောကြောင့် ယခင်ခေတ်များနှင့်မတူအောင် တည်ငြိမ်အေးချမ်းလာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ကြုံခဲ့ရသော စီးပွားရေးအကြပ်အတည်းကလည်း လွန်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လာနိုင်၍ ဖြစ်ပါသည်။


(၄) သို့သော်လည်း အစွန်းရောက် လက်ျာအင်အားစုအချို့၏ ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်ရေး၊ မစေ့စပ်ရေး လမ်းစဉ်ကြောင့် ပြည်ပနိုင်ငံကြီးအချို့၏ ၀င်ရောက်စွက်ဖက်မှု၊ စီးပွားရေး ပိတ်ဆို့လာမှုအချို့ကို ၀မ်းနည်းဖွယ်ရာ ကြုံလာခဲ့ရပြန်ပါသည်။


(၅) ထိုသို့ အတားအဆီးအချို့ကို ကြုံလာရသော်လည်း ၂၀၀၈ခုနှစ်၊ မေလအတွင်း ကျင်းပခဲ့သော ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကြီးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူ ဦးရေ၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းတို့ တခဲနက် ထောက်ခံအတည်ပြုလိုက်ခြင်းသည် နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အကောင်အထည်ဖော်လျက်ရှိသော မူဝါဒလမ်းစဉ်(၇)ရပ်၏ ထူးခြားစွာ အောင်မြင်တိုးတက်လာသော ရလာဒ်ပင်ဖြစ်ပါသည်။


(၆) ယခုကဲ့သို့ မြန်မာပြည်သူလူထု တခဲနက်အတည်ပြုထောက်ခံခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်လာချိန်တွင် အမျိုးသားသင့်မြတ်စည်းလုံးရေးနှင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ကူညီနိုင်ရန် မြန်မာနိုင်ငံသို့ လွန်ခဲ့သော သြဂုတ်လ (၁၈)ရက်က ရောက်ရှိလာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီမှ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မောက်မာစွာ ငြင်းပယ်ခဲ့ပါသည်။


(၇) ၄င်းအပြင် နိုင်ငံတော်အစိုးရသည် ကုလသမဂ္ဂ၏ အကြံပြုချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက် ဆွေးနွေးနိုင်ရေးအတွက် အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ(၂)ရက် မွန်းလွဲ(၁)နာရီတွင် စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းတို့မိသားစု၏ ကျန်းမာရေးစစ်ဆေးရန် ဒေါက်တာတင်မျိုးဝင်းအား စက်တင်ဘာလ(၁)ရက် မွန်းလွဲ(၁)နာရီတွင် လာရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းအား စက်တင်ဘာလ(၁)ရက်နေ့ မှာကြားခဲ့မှုအပေါ် ရှေ့နေ ဦးကြည်ဝင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပြန်ထွက်လာသောအခါ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်နှင့် တွေ့ဆုံရေးနှင့် ပတ်သက်၍ ရှေ့နေ ဦးကြည်ဝင်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့လိုသေးကြောင်း၊ ဒေါက်တာတင်မျိုးဝင်းကိုလည်း ယနေ့မတွေ့နိုင်သေးကြောင်း၊ ပြန်လည်သတင်းပို့သည်ဟု သတင်းစာများတွင် ဖတ်ရပါသည်။


(၈) ယနေ့ နိုင်ငံတကာတွင် အနောက်နိုင်ငံကြီးအချို့မှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရာရောက်မည်ဟု ယူဆသူအချို့ကို တပည့်မွေး၍ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လေ့ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူတစ်ရပ်လုံး (မြန်မာပြည်သူတစ်ရပ်လုံး ရွေးချယ်သောဖွဲစည်းပုံ) ထက် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက ပို၍ အရေးပါသကဲ့သို့ ဖန်တီးလျက်ရှိပါသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအမျိုးသားအကျိုးစီးပွားကို ဆန့်ကျင်၍ အနောက်နိုင်ငံကြီးအချို့၏ အလိုကျသာ ဆောင်ရွက်လာခဲ့ပါသည်။ တည်ဆဲအစိုးရ၏ စိတ်ရှည်သည်းခံအချိန်စောင့် ကိုယ်ပိုင်အတွေ့အကြုံ ရစေသည့်နည်းဖြင့် အမျိုးသားသင့်မြတ်စည်းလုံးရေး ကြိုးပမ်းမှုများကိုလည်း အစဉ်တစိုက် ဆန့်ကျင်လာခဲ့ပေသည်။


(၉) နိုင်ငံရေးဘောဂဗေဒတရားက လူထုရှေ့ဆောင်ပါတီအဖွဲ့အစည်းများ၊ ခေါင်းဆောင်များ လူထုနှင့် ကင်းကွာကျဆုံးစေသော အစွန်းရောက်မှု(၃)ရပ်ကို ယခုကဲ့သို့ဖော်ပြထားပါသည် -
(က) အချုပ်အချယ်မရှိသော လွတ်လပ်မှုပေါ်တွင် မူမဲ့ပုဂ္ဂိုလ်ရေးသြဇာ တည်ဆောက်မှု (ပုဂ္ဂိုလ်ကိုးကွယ်ခြင်း)
(ခ) မိမိတို့ လမ်းစဉ်မှားနေသည်ကို မပြင်ဆင်ဘဲ ဆက်လက်ကျင့်သုံးခြင်း
(ဂ) မိမိတို့လမ်းစဉ် မှန်နေသည့်တိုင်အောင် ပြည်သူလူထု လက်မခံနိုင်သေးသည်ကို အတင်းအဓမ္မ ချခင်းကျင့်သုံးနေခြင်း


(၁၀) ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဖော်ပြပါ အစွန်းရောက်မှု (၃)ရပ်မှ လွတ်မြောက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမျိုးသားသင့်မြတ်စည်းလုံးရေး၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလမ်းမှန်ပေါ်သို့ ရောက်ရှိစေလိုပါသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လိုလားပါသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်မှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်တွေ့ဆုံရန် မောက်မာစွာ ငြင်းပယ်ခြင်း ၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန် ငြင်းပယ်ခြင်းများအပေါ် အထူးတလည် ကန့်ကွက်ကြောင်း ထုတ်ပြန်အပ်ပါသည်။


ဗဟိုဦးစီးအဖွဲ့
ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု(မြန်မာနိုင်ငံ)

No comments: