Monday, September 8, 2008

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်အား ထောက်ခံကြောင်း ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်

(၁)မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်မှ (၂၃)ရက် အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့သည် မြန်မာနိုင်ငံဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင် အချို့၊ သက်ဆိုင်ရာအဖွဲ့အစည်းမှ ပုဂ္ဂိုလ်အချို့နှင့် လည်းကောင်း၊ အစိုးရနှင့် သဘောထား ကွဲလွဲလျက်ရှိသော ပါတီအဖွဲ့အစည်း အပါအ၀င် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့်လည်းကောင်း၊ အစိုးရမဟုတ်သော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာသော အဖွဲ့အစည်း များနှင့် လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် လည်းကောင်း၊ ကျယ်ပြန့်စွာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

(၂)ကုလသမဂ္ဂကြီးသည် မည်သည့်နိုင်ငံ၊ မည်သည့်အုပ်စု၊ မည်သည့်အစုအဖွဲ့ကိုမှ ကိုယ်စားပြုခြင်းမဟုတ်၊ နိုင်ငံတကာပြည်သူတို့အကျိုးကိုရှေးရှုဆောင်ရွက်သောကမ္ဘာ့မဏ္ဍိုင်ကြီး ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို သိရှိရန် အထူးပင်လိုအပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို မှန်ကန်စွာ ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

(၃)ယနေ့ မြန်မာနိုင်ငံအစိုးရအပေါ် အနောက်မီဒီယာများက တစ်ဖက်စောင်းနင်း ထိုးနှက် ထုတ်လွှင့်နေချိန်နှင့် မြန်မာနိုင်ငံတည်ဆဲတပ်မတော်အစိုးရအပေါ် မြန်မာပြည်သူလူထု တစ်ရပ်လုံး ဆန့်ကျင်နေသယောင် အနောက်နိုင်ငံကြီးအချို့ ဖန်တီးပြောဆိုနေချိန်တွင် တည်ဆဲတပ်မတော်အစိုးရ၏ ဒီမိုကရေစီလမ်းပြမြေပုံ(၇)ဆင့်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတို့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် တခဲနက်ထောက်ခံ အတည်ပြု လိုက်သဖြင့် ပို၍ပင် မြန်မာပြည်သူတို့ သဘောထားမှန်ကို သိရှိရန် လိုအပ်ပါသည်။

(၄)ထို့ကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီနှင့် အဖွဲ့သည် အမှန်တရားကို ရှာဖွေရန် အဘိဓမ္မာခန်းတွင် မရှာဖွေရ၊ ပကတိဘ၀ တွင် ရှာဖွေရမည်ဆိုသော လူမှုသိပ္ပံတရားနှင့်အညီ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရ အနေဖြင့် အရေးပါသည့် အဖွဲ့အစည်းပေါင်းစုံနှင့် ကျယ်ပြန့်စွာ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါသည်။

(၅)ဒီမိုကရေစီနိုင်ငံတော်သစ်ကို အကောင်အထည်ဖော်လျက်ရှိသော မြန်မာအစိုးရ၏ အဆင့်(၇)ဆင့်ပါ လမ်းပြမြေပုံအတိုင်း မြန်မာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမှ သမာသမတ်နိုင်ငံများနှင့် ကုလသမဂ္ဂကြီးတို့ကပါ ယခုကဲ့သို့ ပြည်သူတို့ တခဲနက် ထောက်ခံအတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်မြောက် အောင်မြင်ရေး (မူဝါဒလမ်းစဉ် ၇ ရပ် အောင်မြင်ရေး) ကို လိုလားလျက်ရှိပါသည်။

(၆) သို့သော်လည်း အစိုးရနှင့် ကွဲလွဲဆန့်ကျင်နေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချို့နှင့် အင်အားစုအချို့က မစ္စတာဂမ်ဘာရီအား ပြည်တွင်းမှ အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခြင်းအပေါ် တစ်ဖက်သတ် ပုတ်ခတ် ဆန့်ကျင်နေခြင်းမှာ အလွန်ကျဉ်းမြောင်းသေးသိမ်သော ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂနစွဲအမြင်သာ ဖြစ်ပါသည်။ အကယ်၍ မစ္စတာဂမ်ဘာရီမှ အဖွဲ့အစည်းငယ်အချို့ကိုပါ တွေ့ဆုံဆွေးနွေးသည့်တိုင်အောင် အများစုနှင့် အနည်းစုတို့ အပြန်အလှန် လေးစားလိုက်နာရမည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ကြိုဆိုရမည်သာ ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူတို့ တခဲနက်ထောက်ခံအတည်ပြုလိုက်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထောက်ခံသူအများစုရော ကန့်ကွက်သူအနည်းစုပါ ဥပဒေအရာတွင် တန်းတူညီမျှ ခံစားခွင့်ရှိကြပါသည်။

(၇) ပြည်တွင်း ပြည်ပအစိုးရနှင့် ကွဲလွဲဆန့်ကျင်သော အဖွဲ့အစည်းအင်အားစု အချို့က ကုလသမဂ္ဂ ကိုယ်စားလှယ်များအား အစိုးရကို အဆိုးမြင်ဆန့်ကျင်နေသော အဖွဲ့အစည်းအင်အားစုများနှင့်သာ တွေ့ဆုံစေလိုခြင်းငှာ ၄င်းတို့၏ အစွန်းရောက် တစ်ဖက်သတ်ဝါဒဖြန့်မှုများကို ကာကွယ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ပါသည်။ မစ္စတာဂမ်ဘာရီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်ရုံသာမက ၀ါရင့်အဆင့်မြင့် ကုလသမဂ္ဂကိုယ်စားလှယ်ကြီးတစ်ဦး ဖြစ်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းမျာ အစိုးရအပါအ၀င် အစိုးရနှင့် သဘောထားကွဲလွဲနေသော ပါတီအဖွဲ့အစည်းများပါမကျန် အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် လွတ်လပ်ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ ရုပ်ပုံလွှာကို ပေါ်လွင်လာစေရုံသာမက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့်အဖွဲ့ မြန်မာနိုင်ငံ ခရီးစဉ်အား ထောက်ခံကြောင်း ထုတ်ပြန်အပ်ပါသည်။



ဗဟိုဦးစီးအဖွဲ့

No comments: