Monday, September 8, 2008

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ ဦးဆောင်သော အဖွဲ့အပေါ်
ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်ခဲ့မှုအပေါ် သဘောထားအမြင်
ရက်စွဲ၊ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်


(၁) ယနေ့ ကမ္ဘာကြီးသည် (Globalization) ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကို ရောက်လာ သဖြင့် ပြိုကွဲရေးခေတ် မဟုတ်တော့ပေ။ ပေါင်းစည်းရေးခေတ်သို့ အပြုသဘော တိုးတက်လျက် ရှိပေသည်။

(၂) မြန်မာနိုင်ငံတွင်လည်း အကြပ်အတည်းပေါင်းမှ ကင်းဝေးစေပြီး ကမ္ဘာ့အလယ်မှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ထည်ဝါစွာ ရပ်တည်နိုင်ဖို့ဆိုရင် အမျိုးသား အင်အားစုချင်း တင်းမာရေး၊ မစေ့စပ်ရေးတွေကို ရှောင်ရှားပြီး (အနုသုခုမကျင့်စဉ်ဖြစ်သော) အမျိုးသားသင့်မြတ်စည်းလုံးရေးကိုသာ တစ်ခုတည်းသော ထွက်ရာလမ်းအဖြစ် ရွေးချယ် ကျင့်သုံး သွားရန် ဖြစ်ပါသည်။

(၃) ထို့ကြောင့် မြန်မာနိုင်ငံအကျိုးကို ပူးပေါင်းဆောင်ရွက်ရန် သြဂုတ်လ(၁၈)ရက်က ရောက်လာခဲ့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာ ဂမ်ဘာရီနှင့် အဖွဲ့အား ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်မှုအပေါ် အောက်ပါ သဘောထားအမြင်များကို ထုတ်ပြန်အပ်ပါသည်။

(က) ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့ပါသော်လည်း NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်ခြင်းမှာ သံတမန်ဆက်ဆံရေးအရဖြစ်စေ၊ လူ့ယဉ်ကျေးမှု ကျင့်ဝတ်အရ ဖြစ်စေ ရိုင်းပျစွာ တုံ့ပြန်ရာ ရောက်ပါသည်။

(ခ) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကုလသမဂ္ဂနဲ့ရော မြန်မာအစိုးရနှင့်ပါ အမျိုးသား သင့်မြတ်စည်းလုံးရေးနှင့် ဒီမိုကရေစီရေးအတွက် တွေ့ဆုံဆွေးနွေးရန် အလွန်ရခဲလှသော အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားခဲ့ပါသည်။

(ဂ) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မိမိတစ်ဦးအတွက် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့ အကျိုးအတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး သင့်သည်။

(ဃ) အကယ်၍ မိမိအယူအဆမှန်နေသည့်တိုင် တစ်ဖက်သားအား လက်မခံနိုင်သေးရင်လည်း စိတ်ရှည်သည်းခံ ဖျောင်းဖျအချိန်စောင့်၊ ကိုယ်ပိုင်အတွေ့အကြုံရစေသော ဒီမိုကရေစီထုံးတမ်း စဉ်လာများနှင့် အညီသာ ကြိုးပမ်းသင့်ပါသည်။

(င) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ငါနှင့်မတူ ငါ့ရန်သူဟူသော သဘောထားဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီနှင့် အဖွဲ့ အား တွေ့ဆုံရန် ငြင်းပယ်မည်ဆိုပါလျှင် အလွန်ခေတ်နောက်ကျသော တစ်ကိုယ်ကောင်းဝါဒီ အဖြစ်မျိုး ကျရောက်သွားနိုင်ပါသည်။

ဗဟိုဦးစီးအဖွဲ့

ခေတ်သစ်သိပ္ပံနိုင်ငံရေးဘောဂဗေဒလေ့လာရေးကျောင်းတော်သားစု

အခန်း(၁၀၁)၊ တိုက်(၁၈၀)၊ ဘုရားလမ်း။ (၅)ရပ်ကွက်၊

ဟံသာရိပ်မွန်အိမ်ရာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

No comments: